Home
ဆောင်းပါး
၉ လကြာ အာကာသထဲ သောင်တင်နေခဲ့တဲ့ အာကာသယာဉ်မှူး ၂ ဦးရဲ့ အိမ်အပြန်
DVB
·
March 19, 2025

ဆရာမောင်ဝဏ္ဏရဲ့ “ဒီနားခဏ” လိုပဲ ကမ္ဘာမြေပေါ်က ၈ ရက်ဆိုပြီး ထွက်သွားလိုက်တာ နိုင်ငံတကာ အာကာသစခန်းယာဉ် (ISS) ပေါ် ကိုးလကျော်ကြာ (၂၈၅ ရက်) သောင်တင်သွားခဲ့တဲ့ အာကာသယာဉ်မှူးနှစ်ဦး (ဆူနီဝီလျံနဲ့ ဘတ်ဝီလ်မိုး) တို့ မတ်လ ၁၈ ရက်မှာ ကမ္ဘာမြေပေါ်ကို ပြန်လည်ဆင်းသက်လာကြပါပြီ။

ဒီအဖြစ်က အာကာသသမိုင်းမှာတော့ စိတ်ဝင်စားစရာ အဖြစ်အပျက်ပါ။ အာကာသယာဉ်မှူး ဆူနီ ဝီလျံနဲ့ ဘတ်ဝီလ်မိုးတို့ နှစ်ဦးဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၅ ရက်က စမ်းသပ်ဆဲ Boeing Starliner အာကာသယာဉ်နဲ့ နိုင်ငံတကာအာကာသစခန်းယာဉ် (ISS) ပေါ် တက်သွားခဲ့ကြတာဖြစ်တယ်။  Boeing Starliner က လူလိုက်ပါနိုင်တဲ့ အာကာသခရီးစဉ်တွေကို စမ်းသပ်နေဆဲ အာကာသယာဉ်ပါ။ သူတို့တွေ ISS ပေါ် ၈ ရက်ကြာနေပြီး ပြန်ဆင်းမယ်လုပ်တော့ Boeing Starliner က အကြိမ်ကြိမ် စက်ချို့ယွင်းပြီး ပြန်ဆင်းဖို့ အန္တရာယ်ရှိနေတဲ့အတွက် ပြန်မဆင်းနိုင်တော့ဘဲ နိုင်ငံတကာအာကာသစခန်းယာဉ်ပေါ် ၉ လကျော်ကြာ သောင်တင်သွားခဲ့တာ ဖြစ်တယ်။ သွားတုန်းက တပတ်ပဲ ကြာမယ့်ခရီးစဉ်က ဘယ်နေ့ ဘယ်အချိန် ပြန်ရမယ်မှန်း မသိတဲ့ ခရီးစဉ်တခု ဖြစ်သွားတယ်။ Boeing Starliner ကိုတော့ (စက်တင်ဘာလမှာ) လူမပါဘဲ ပြန်လွှတ်လိုက်ရတယ်။

၂၀၂၄၊ ဇွန်လမှာ သောင်တင်သွားတဲ့ ယာဉ်မှူး ဆူနီဝီလျံနဲ့ ဘတ်ဝီလ်မိုးတို့ နှစ်ဦးကို ပြန်ခေါ်ဖို့ ဩဂုတ်လမှာ SpaceX Dragon  ကို လွှတ်တင်ခဲ့ပေမဲ့ ပြန်မခေါ်နိုင်ခဲ့ဘဲ နာဆာရဲ့ စီမံချက်အရ နောက်ထပ် ၆ လ စောင့်ခဲ့ရတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်မှာတော့ ဖလော်ရီဒါ အာကာသစခန်းက လွှတ်တင်လိုက်တဲ့ SpaceX  Dragon 2 ဟာ နိုင်ငံတကာ အာကာသစခန်းယာဉ်ပေါ်ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ပါတယ်။ ခုခရီးစဉ်မှာ အာကာသယာဉ်မှူး လေးဦး လိုက်ပါလာပြီး ISS ပေါ်မှာ တာဝန်အလွှဲအပြောင်း လုပ်ကြမှာဖြစ်တယ်။ သူတို့တွေက နာဆာအာကာသယာဉ်မှူးတွေဖြစ်တဲ့ အန်နီမက်ကလိန်း၊ နီကိုးလ်အေယာ၊ ဂျပန်အာကာသယာဉ်မှူး တာကူယာ အိုနီရှီနဲ့ ရုရှားအာကာသယာဉ်မှူး ကီရီလ် ပက်စ်ကော့ဗ်တို့ ဖြစ်ကြတယ်။

ကမ္ဘာမြေပေါ်က တက်သွားတဲ့ အာကာသယာဉ်မှူး ၄ ဦးနဲ့ နိုင်ငံတကာအာကာသစခန်းယာဉ်ပေါ်မှာ သောင်တင်နေတဲ့ ယာဉ်မှူးနှစ်ဦး အပါအဝင် အခြား အာကာသယာဉ်မှူး ငါးဦးတို့ စခန်းယာဉ်ပေါ် အပြန်အလှန် ပွေ့ဖက်ဆီးကြိုနေကြပုံတွေကို နာဆာက ထုတ်လွှင့်တဲ့ live stream ဗီဒီယိုမှာ မြင်တွေ့ကြရတယ်။

ခုတော့ တပတ်ကျော်သာ ကြာရမယ့်ခရီးစဉ်ကို ၉ လကျော်ကြာတဲ့အထိ နိုင်ငံတကာ အာကာသစခန်းယာဉ်ပေါ် သောင်တင်သွားခဲ့တဲ့ ယာဉ်မှူး ဆူနီဝီလျံနဲ့ ဘတ်ဝီလ်မိုးတို့ ကမ္ဘာမြေပေါ်ကို SpaceX Dragon အာကာသယာဉ်နဲ့ ပြန်လာနေကြပါပြီ။ နာဆာရဲ့ ထုတ်ပြန်ချက်အရ မတ်လ ၁၉ ရက်၊ ညနေပိုင်းမှာ အာကာသယာဉ်မှူးတွေ လိုက်ပါလာတဲ့ SpaceX Dragon capsule ဟာ ဖလော်ရီဒါကမ်းလွန် ပင်လယ်ထဲ ကျရောက်ဆင်းသက်မယ်လို့ သိရတယ်။

ပြီးခဲ့တဲ့ ဇွန်လကတည်းက နိုင်ငံတကာအာကာသစခန်းယာဉ်ပေါ် တက်သွားပြီး ပြန်ဆင်းလို့ မရတော့တဲ့ အာကာသယာဉ်မှူးနှစ်ဦး အကြောင်းကို စိတ်ဝင်စားနေခဲ့တယ်။ သူတို့တတွေ ဒီစခန်းယာဉ်ပေါ်မှာ ဘယ်လို နေကြမလဲ။ သိချင်နေတယ်။ တကယ်တွေးကြည့်မယ်ဆိုရင် နိုင်ငံတကာအာကာသစခန်းယာဉ်ပေါ်မှာ လနဲ့ချီပြီး နေကြတဲ့ အာကာသယာဉ်မှူးတွေဆိုတာ တကယ့် သူရဲကောင်းတွေပါ။ မြေဆွဲအားနဲ့ကင်းလွတ်ပြီး ထူးခြားတဲ့ ဆွဲအားမဲ့ အခြေအနေမျိုးမှာ သူတို့ ဘယ်လို နေကြမလဲ။ တနေ့ တနေ့ ဘာတွေလုပ်နေကြမလဲ။ ခု အစီအစဉ်မရှိဘဲ ရောက်လာတဲ့ (သောင်တင်နေတဲ့) ယာဉ်မှူးနှစ်ဦးအတွက် စခန်းယာဉ်ပေါ်မှာ စားဖို့သောက်ဖို့ရော အလုံအလောက် ရှိရဲ့လား လျှောက်စဉ်းစားနေမိတယ်။ ပြီးတော့ အာကာသယာဉ်မှူး နှစ်ဦးကိုလည်း စိတ်ပူမိတယ်။ အစောပိုင်းက သူတို့အကြောင်း သိမထားတော့ အတွေ့အကြုံမရှိတဲ့ ယာဉ်မှူးတွေအဖို့ ကျဉ်းမြောင်းတဲ့ အာကာသစခန်းယာဉ် Module ထဲ ဘယ်လိုနေကြမလဲပေါ့။ စဉ်းစားကြည့်ရင် သာမန်လူတဦးအဖို့တောင် အခန်းကျဉ်းတခုထဲ ဘယ်မှ မသွားရဘဲ အချိန်အကြာကြီး နေဖို့ဆိုတာ သိပ်တော့မလွယ်ကူလှဘူး။

ခု သိရသလောက် အမျိုးသမီးယာဉ်မှူး ဆူနီဝီလျံက ခုလို နိုင်ငံတကာအာကာသစခန်းယာဉ်ပေါ် အချိန်အကြာကြီး မနေခင် နှစ်ကြိမ်တိုင်တိုင် အာကာခရီးစဉ်အတွေ့အကြုံ ရှိထားပြီး အာကာသစခန်းပေါ် ၃၂၂ ရက် နေထိုင်ထားတဲ့ အတွေ့အကြုံ ရှိရုံမက နာရီ ၅၀ နဲ့ မိနစ် ၄၀ ကြာ အာကာသထဲ လမ်းလျှောက်ထားတဲ့ အတွေ့အကြုံရှိသူ ဖြစ်တယ်လို့ ဆိုတယ်။ သူမက ၁၉၉၈ ခုနှစ်ကတည်းက နာဆာ အာကာသယာဉ်မှူးအဖြစ် ရွေးချယ်ခံခဲ့ရသူပါ။ ဘတ်ဝီလ်မိုးကတော့ အာကာသထဲ ၁၇၈ ရက်ကြာ နေခဲ့ဖူးတဲ့ အတွေ့အကြုံရှိတယ်။ သူက အမေရိကန်ရေတပ် ဗိုလ်ကြီးအဖြစ်ကနေ နာဆာရဲ့ အာကာသယာဉ်မှူးအဖြစ် ၂၀၀၀ ပြည့်နှစ်မှာ ရွေးချယ်ခံခဲ့ရသူပါ။

သူတို့က ISS အာကာသစခန်းယာဉ်ပေါ် တပတ်လောက်ပဲ နေရမှာဖြစ်လို့ သွားတုန်းက အဝတ်အစားနည်းနည်း၊ အိမ်သာသုံးစက္ကူနည်းနည်းပဲ ယူသွားခဲ့တယ်။ ဆူနီဝီလျံဆို ဘာမှလုပ်စရာမရှိဘူးဆိုပြီး ကစားစရာ ဖဲချပ်ထုပ်ပါ ယူသွားခဲ့တယ်။ သိရသလောက် ပြီးခဲ့တဲ့ ဩဂုတ်လမှာ ကုန်တင်အာကာသယာဉ် ရောက်ရှိလာပြီး ISS အာကာသစခန်းယာဉ်အတွက် လိုအပ်တဲ့ အစားအစာ အသုံးအဆောင်တွေ ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုတယ်။

အာကာသယာဉ်မှူးတွေအနေနဲ့ အာကာသစခန်းယာဉ်ပေါ်မှာ အလွန်ဆုံး ၆ လအထိသာ နေခွင့်ရပေမဲ့ ဆူနီဝီလျံနဲ့ ဘတ်ဝီလ်မိုးတို့က ၉ လအထိ ကြာသွားခဲ့တယ်။ မြေဆွဲအားမဲ့ အာကာသထဲမှာ အချိန်အကြာကြီး နေတဲ့အခါ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေလည်း ပြောင်းလဲသွားတယ်လို့ ဆိုတယ်။ အရိုးသိပ်သည်းမှု ကျဆင်းသွားပြီး ကြွက်သားတွေ လျော့ကျသွားသလို သွေးလှည့်ပတ်မှုအပေါ်လည်း ထိခိုက်မှုရှိတယ်လို့ ဆိုတယ်။ အမြင်အာရုံ ထိခိုက်မှုရှိသလို ခရမ်းလွန်ရောင်ခြည်သင့်မှုတွေလည်း ရှိတယ်လို့ ဆိုတယ်။ အလေးချိန်မဲ့ ပတ်ဝန်းကျင်မှာ အာကာသယာဉ်မှူးတွေဟာ ပုံမှန်လေ့ကျင့်ခန်း လုပ်ကြရပေမဲ့ ခန္ဓာကိုယ်အပေါ် ထိခိုက်မှုကိုတော့ ခံစားကြရတယ်။

အခု ကမ္ဘာမြေပေါ်ကို SpaceX Dragon နဲ့ ပြန်ဆင်းလာမယ့်အဖွဲ့ထဲမှာ ၉ လကျော်ကြာ အာကာသစခန်းယာဉ်ပေါ် သောင်တင်သွားတဲ့ အာကာသယာဉ်မှူး ဆူနီဝီလျံ၊ ဘတ်ဝီလ်မိုးတို့အပြင် အရင်အခေါက်က ရောက်နှင့်နေခဲ့တဲ့ နာဆာအာကာသယာဉ်မှူး နစ်ဟေ့ဂ်နဲ့ ရုရှားအာကာသယာဉ်မှူး ဂေါ်ဘူနော့ဗ် တို့လည်း လိုက်ပါလာကြမယ်လို့ သိရတယ်။ အပြန်ခရီးက ၁၇ နာရီကျော် ကြာမြင့်ပြီး ဒေသစံတော်ချိန် မတ်လ ၁၈ ရက် ညနေပိုင်းမှာ ဖလော်ရီဒါကမ်းလွန် ပင်လယ်ပြင်တနေရာမှာ အောင်အောင်မြင်မြင် ဆင်းသက်နိုင်ခဲ့ပါတယ်။ 

CWM 

Photos: Reuters

Ref: Stranded astronauts to head back to Earth after nine months in space .

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024